International News

အိန္ဒိယနိုင်ငံ၌ စားတော်ပဲတင်သွင်းမှုလျော့ချကန့်သတ်ခြင်း

Last Updated:

     အိန္ဒိယနိုင်ငံတွင် ကန့်သတ်တင်သွင်းကုန်စည်အဖြစ် သတ်မှတ်ထားသည့် စားတော်ပဲ (HS code 07131000) အုပ်စုဝင်ပဲများတင်သွင်းမှုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တန်ချိန် ၁ ဒသမ ၅ သိန်း တင်သွင်းရန် ဗဟိုအစိုးရက ခွဲတမ်း သတ်မှတ်ထားရှိသော်လည်း ဒေသန္တရ တရားရုံးများ၏ ခွင့်ပြုမိန့်ဖြင့် တင်သွင်းမှုများကတန်ချိန် ၅ ဒသမ ၅ သိန်းအထိ ရောက်ရှိခဲ့သည်။ သို့ဖြစ်ရာ အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန သည်စားတော်ပဲတင်သွင်းမှု အား ထပ်မံလျော့ချကန့်သတ်သည့်အမိန့်ကြော်ငြာစာတစ်စောင်ကို ၁၈.၁၂.၂၀၁၉ နေ့တွင်ထုတ်ပြန်လိုက်ပါသည်။

      အဆိုပါ အမိန့်ကြော်ငြာစာအရ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့်စားတော်ပဲများအား ဆိပ်ကမ်းအရောက်တန်ဖိုး ၁ ကီလိုဂရမ်လျှင် ရူပီးငွေ ၂၀၀ အနိမ့်ဆုံးနနှုန်းထားသတ်မှတ်ချက် (Minimum Import Price)ဖြင့် ကိုလ်ကတ္တားမြို့ ဆိပ်ကမ်းမှသာတင်သွင်းခွင့်ရရှိတော့မည်ဖြစ်သည်။သို့ဖြစ်ရာ စားတော်ပဲအပေါ်လက်ရှိကောက်ခံလျက်ရှိသော သွင်းကုန် ခွန် ၅၀% သတ်မှတ်ချက်အရ တင်သွင်းလာမည့်စားတော်ပဲ ၁ ကီလိုဂရမ်လျှင်မူရင်းဈေး ရူပီးငွေ ၃၀၀ ရှိမည်ဖြစ်ပြီး သယ်ယူပို့ဆောင်စရိတ်နှင့်အခြားသောစရိတ်စကများ ထပ်ဆောင်းပါက ပြည်တွင်းဈေးကွက်၌ ရောင်းချရာတွင်ရူပီး ၃၃၀ မှ ၃၄၀ အကြား ကျသင့်မည်ဖြစ်သည်။

  အိန္ဒိယနိုင်ငံ၌ စားတော်ပဲကိုမိုးသီးနှံအဖြစ်စိုက်ပျိုးပြီး နိုဝင်ဘာ/ ဒီဇင်ဘာလများ၌ ထွက်ပေါ်လေ့ရှိသော်လည်း ပဲလုံးအစိုအဖြစ်သာထုတ်လုပ်မှုရှိသည်။ စားတော်ပဲအုပ်စုဝင်ပဲအခြောက်များအား ပြည်ပမှသာတင်သွင်းပြီး နှစ်စဉ် ပြည်တွင်းဈေးကွက်၌ လိုအပ်ချက်မှာ ပျမ်းမျှအားဖြင့်တန်ချိန် ၂ ဒသမ ၅ သိန်းခန့်ရှိသည်။ ယခင်လများ၌ လက်လီ ဈေးကွက်ရောင်းဈေး ၁ ကီလိုဂရမ်လျှင် ၄၅ ရူပီးခန့်ရှိသော စားတော်ပဲအဝါ (Yellow Pea) သည် ဒီဇင်ဘာလဆန်းပိုင်း တွင်ရူပီး ၁၀၀ ခန့်အထိ ဈေးနှုန်းများ မြင့်တက်ပြီး တင်သွင်းမှုပိုမိုများပြားလာခဲ့သည်။ သို့ဖြစ်ရာ စားတော်ပဲ နေရာတွင်အရန်လက်ကျန်တန်ချိန် ၁ ဒသမ ၅ သန်းခန့်ရှိသော ကုလားပဲအား ဈေးကွက်တောင်းဆိုချက်မြင့်တက်လျက် အစားထိုးစားသုံးလာစေရန်အစိုးရကယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ရသည်။

 စားတော်ပဲသည် ပြည်ပမှသာ တတင်သွင်းရရှိနိုင်သည့် ကုန်စည်အမယ်ဖြစ်ပြီး ပြည်တွင်းဈေးကွက်အတွင်း ၎င်း၏ နေရာ၌ အစားထိုးနိုင်သည့် ထုန်ကုန်မရှိသဖြင့် ပြည်တွင်းစားသုံးသသူများအတွက် အနိမ့်ဆုံးအားဖြင့် စားတော်ပဲအစိမ်း (Green Pea) ကို ကန့်သတ်ကုန်စည်အဖြစ်မှ ပယ်ဖျက်လျက် ဆိပ်ကမ်းအရောက်တန်ဖိုး ၁ ကီလိုဂရမ်လျှင် ရူပီးငွေ ၂၀၀ အနိမ့်ဆုံးနှုန်းထား သတ်မှတ်ချက်ကို ဖြေလျော့ပေးရန် အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံအသင်း (IPGA) က အစိုးရထံ တောင်းဆိုထားသည်။ ယခုအခါ အိန္ဒိယပဲကုန်သည်များအနေဖြင့် ၎င်းတို့၏ ပြည်ပကုန်သွယ်ဘက် လုပ်ငန်း ရှင်များနှင့် စားတော်ပဲဝယ်ယူမှုစာချုပ်အသစ်များ ထပ်မံချုပ်ဆိုမှုမပြုကြောင်း၊ လက်ရှိတင်သွင်းရန် ကျန်ရှိသည့် ကုန်သေတ္တာများ ကိုလည်း တင်သွင်းမှုမပြုပဲ အစိုးရကဖြေလျော့ပေးမည့် အခြေအနေကို စောင်းဆိုင်းလျက်ရှိကြောင်း သိရှိရသည်။

 

source :  နယူးဒေလီမြို့ မြန်မာသံရုံး၊ စီးပွားရေးသံမှူး

Category: International News